မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိကလုပ်ငန်းစီမံကိန်းများအနက် ရေလမ်း ကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းစီမံကိန်းကို ဗလမင်းထင်တံတား အောက်ရှိ သဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ရီ ၃ ရက် ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သောင်တူးခြင်း လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့ရေကြီးနစ်မြှုပ်မှုမှ ကာကွယ် နိုင်ရေးအတွက် ပညာရှင်များနှင့် ဆွေးနွေးပြီး နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဒီဇိုင်းပုံစံအတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်လူထု ထိခိုက်မှု မရှိစေရေး၊ အထူးသဖြင့် သဲကျောက်တင်ယာဉ်များ ရွေ့ပြောင်းသွားလာရာတွင် မြို့တွင်း လမ်းများ ပျက်စီးမှုမရှိစေရေး သတ်မှတ်တန်ချိန်အတိုင်း တင်ဆောင်သွားလာရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မြို့နေလူထု ထိခိုက်မှုမရှိစရေး အလေးထားလုပ်ဆောင်ကြရန်နှင့် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီခွဲကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည် များ၊ ဆောင်ရန်ရှောင်ရန်များနှင့် 191 Report Mobile Application အသုံးပြုခြင်း၏ အကျိုးကျေးဇူး များကို အသိပညာပေးဟောပြောပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ 191 Report Mobile Application အသုံးပြုနည်းအား လက်တွေ့သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ခန်းမရှေ့တွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း၊ ဆီမီးလောင်မှုအား အဝတ်စဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြသခြင်းနှင့် ဂက်(စ်) မီးလောင်မှုအား သရုပ်ပြသခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းလုပ်ငန်း များအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ကာ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထား သော ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ ဆုံခဲ့အားပေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဗန်းမော်မြို့နယ်အတွင်းမှ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်နှင့် ရမ်ပူရပ်ကွက်များအတွင်းရှိ ယာယီတိမ်းရှောင် စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၁၀၂၆)စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၁၇) အိတ်နှင့် အင်္ကျီ၊ ဘောင်းဘီ(ဆိုဒ်စုံ) အထည် ၁၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ရာ တိမ်းရှောင် စခန်းများမှ အိမ်ထောင်စုများကိုယ်စား စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စခန်းနေပြည်သူများအား အားပေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)