မိုးညှင်းတက္ကသိုလ်၌ စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဦးစွာအခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘအုပ်ထိန်းသူများက သတ်မှတ်ထားသည့် နေရာအသီးသီး၌ နေရာယူကြသည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ နိုင်နိုင်လတ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းအနေဖြင့် ဘွဲ့ရမောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ်အသီးသီးမှ ပညာသင်နှစ် အဆင့်ဆင့်များအလိုက် သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်၍ ထိုက်တန်သောဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဘွဲ့တက်ရောက်ယူကြသည့် မောင်မယ်များနှင့်တကွ မိဘဆွေမျိုးများက ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြသလို ပညာသင်ကြား ပေးလိုက်သော မိုးညှင်းတက္ကသိုလ်ကလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။

ထို့နာက် စတုတ္ထအကြိမ်မြောက် ဘွဲ့ထူး၊ ဂုဏ်ထူးလက်မှတ်များပေးအပ်ရာတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းနှစ်ပိုင်းခွဲ၍ပေးအပ်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်း၌ မဟာဝိဇ္ဇာ/ သိပ္ပံတွဲတွင် (၁၃)ဦး၊ ဝိဇ္ဇာ/သိပ္ပံတွဲ (ဂုဏ်ထူးဘွဲ့)တွင် (၃၃)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့တွင် (၁၂၀)ဦးနှင့် အဝေးရောက်ယူသူ နှစ်ဦး စုစုပေါင်း (၁၆၈) ဦးအား တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့များအသီးသီး အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ ပျော်ရွှင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း