ဘားအံ ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၆၅ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိ၍ ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်နေထိုင်မှုမရှိသည့်အိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေသက်သာစေရန်အတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၉) နာရီခွဲအချိန်က သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်များရောင်းချရာတွင် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ကြက်ဥ (၁၀) လုံးနှုန်းဖြင့် အိမ်ထောင်စု (၄၀၀) အတွက် ကြက်ဥ (၄၀၀၀) လုံးနှင့် ကြက်သွန်တစ်ပိဿာ၊ အားလူး (၅၀) ကျပ်သား၊ ခရမ်းချဉ်သီး (၅၀) ကျပ်သား၊ ကုလားပဲ (၂) ဗူး၊ ငရုပ်သီးစိမ်း အမယ်စုံပါဝင်သည့် စားသောက်ကုန်ပစ္စည်းများ တစ်ထုတ်လျှင် ၁၀၀၀ နှုန်းဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့သိုရောင်းချပေးရာတွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်နေထိုင်ခြင်းမရှိသည့် ရေဘေးသင့်အိမ်ထောင်စုများအား ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)