ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ၌ နေကြာမျိုးအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ

ချောင်းဦး မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေးဒါးကျကျေးရွာရှိ တောင်သူ ဦး‌သောင်းညွှန့်၏ ကွင်းအမှတ် ၁၉၂၆ ဦးပိုင် ၅၆၇တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း နေကြာမျိုးများဖြစ်သော ရေဆင်းစပ်မျိုး ၁၊‌ ရေဆင်းစပ်မျိုး ၂၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းသရုပ်ပြသခဲ့‌ကြောင်းသိရသည်။

ကွင်းသရုပ်ပြသပွဲတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက နေကြာမျိုးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းပြောပြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးအောင်ကျော်သူက စမ်းသပ်ကွက်၏ တွေ့ရှိချက်များအား ရှင်းလင်းပြသခဲ့သည်။

ဆက်လက်၍ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့်ဝန်ထမ်းများ၊ တက်ရောက်လာသည့် တောင်သူများမှ မျိုးအထွက်ယှဉ်ပြိုင်စမ်းသပ်ထားသော နေကြာမျိုးများအနက် မိမိကြိုက်နှစ်သက်သော မျိုးများကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြသရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများ၊ ရွှေဒါးကျကျေးရွာရှိ တောင်သူများ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)