မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ အမွေဆက်ခံလုပ်ကိုင်သည့်မျိုးဆက်သစ်ပညာရှင်မရှိသဖြင့် ပျောက်ကွယ်လာဟုဆို

မုံရွာ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ အင်တိုင်းကျေးရွာ၊ ကြာပိုင်ကျေးရွာနှင့်ပုရစ်ကုန်းကျေးရွာတို့တွင် အစဉ်အဆက်လုပ်ကိုင်လာသော မြန်မာ့ရိုးရာပန်းဆယ်မျိုးဖြင့်လုပ်ကိုင်သည့် ပန်းပွတ်နှင့် ပန်းတဉ်းလက်မှုပညာရပ်များကို မျိုးဆက်သစ်အမွေဆက်ခံလုပ်ကိုင်သည့် ပညာရှင်များ နည်းပါးလာ သဖြင့် ရေရှည်တွင် ၎င်းပညာရပ်များ ပျောက်ကွယ်သွားနိုင်ကြောင်း လက်ရှိပန်းပွတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်လျက်ရှိသော ကြာပိုင်ကျေးရွာမှ ပန်းပွတ်ပညာရှင် ဦးစံမောင်၏ ပြောကြားချက်အရ သိရသည်။

“တစ်ချို့ရွာတွေမှာလည်း ပန်းဆယ်မျိုးပညာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ပညာရှင်တွေရှိသေးတယ်၊ အလုပ်မဖြစ်ကြတော့ဘူး၊ ကုန်ကြမ်းရှားတယ်၊ မျိုးဆက်သစ်မရှိတော့ လုံးဝရပ်သွားတဲ့ပညာရပ်တွေတောင်ရှိနေပြီ အင်တိုင်းကျေးရွာကထုတ်လုပ်တဲ့ ကြေးမီးပူ၊ ကြေးဇွန်း၊ သောက်တော်ရေခွက်၊ ကြေးလင်ပန်း ကြေးပန်းအိုးထုတ်လုပ်ခဲ့တဲ့လုပ်ငန်းက အခုရာဇဝင်တစ်ခုလိုပဲ ရှိတော့တယ်၊ ကျွန်တော်တို့ ရွာမှာလည်း  မြန်မာ့ရိုးရာဆိုင်းဝိုင်းတွေထုတ်လုပ်တဲ့ ပန်းပွတ်ပညာကလည်း  ဒီလိုပဲတစ်ဖြည်းဖြည်းနဲ့ လုပ်ကိုင်သူနည်းလာပြီး အခုကျွန်တော်တစ်ဦးပဲ ကျန်တော့တယ်၊ ဒီပညာရပ်တွေရေရှည် တည်တံ့ဖို့ဆိုရင် ပြိုင်ပွဲလေးတွေကို လုပ်ပေးနိုင်ရင်တော့ ကောင်းမှာပါ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ မကြာတော့တဲ့အချိန်မှာ ဒီပညာရပ်တွေက ပျောက်ကွယ်တော့မှာပါ ”  ဟု ကြာပိုင်ကျေးရွာမှ ပန်းပွတ်ပညာရှင် ဦးစံမောင်က ပြောသည်။

ကုန်ကြမ်းပစ္စည်းရှားလာခြင်း၊ ဒီဇိုင်းဆန်းသစ်လှပသည့် အစားထိုးပစ္စည်းများ ဝင်ရောက်မှုများလာခြင်း၊ ပန်းဆယ်မျိုးနည်းဖြင့် ထုတ်လုပ်ရောင်းချသည့် ရိုးရာပစ္စည်းများကို ဝယ်ယူအသုံးပြုမှု နည်းပါးလာသဖြင့် လုပ်ငန်းတွင်ကျယ်မှုမရှိခြင်း၊ အခြားအလုပ်အကိုင်များ များပြားလာခြင်း၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးပညာရပ်များသည် အများအားဖြင့် သင်ယူရန်အချိန်ယူရခြင်းကြောင့် မျိုးဆက်သစ်လူငယ်များမှ အမွေဆက်ခံသင်ယူရန် ဆန္ဒနည်းပါးလာခြင်းကြောင့် ရေရှည်ရပ်တည်ရန် ခက်ခဲလာကြောင်း လက်မှုပညာရှင်များက သုံးသပ်ပြောကြားသည်။

ဝင်းဦး(ဇေယျာတိုင်း)