မြဝတီ မတ် ၁၅
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြန့်နှံ့မှု အခြေအနေကြောင့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံဘက်သို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဝင်ထွက်သွားလာသူများအား ထိုင်း-မြန်မာနှစ်နိုင်ငံ အဝင်/ အထွက် များ နယ်စပ်ဂိတ်များမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန် ရောဂါများ စစ်ဆေးခြင်း၊ အဖျားတိုင်းတာခြင်း၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို မြဝတီခရိုင်ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အကောက်ခွန်၊ ရဲ၊ လဝ က၊ ကြက်ခြေနီတပ်ဖွဲ့များ စသည့်ဌာနဆိုင်ရာများမှ အလှည့်ကျ နေ့စဉ်ဆောင်ရွက်နေမှုများကို မတ်လ ၁၄ ရက် ၂ နာရီအချိန်တွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ တံတား လဝကတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေ၊ အမှတ် ၂ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ညွန့်၊ မြို့မိမြို့ဖများဖြစ်သော ဒေါက်တာကိုကိုအောင်၊ဆရာဝင်းချို၊ Z-Ruscu မှ ဦးကိုကိုဇော် တို့မှ သွားရောက်၍ ကြည့် ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)