ကနီ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့တွင် ပညာရေးဝန်ကြီးဌာန နည်းပညာ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း (မုံရွာ)တို့ ပူးပေါင်း၍ အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းနှင့် ဝါယာသွယ်တန်းနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန် နေ့ နေ့လယ် ၁ နာရီက ကနီမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာ)ကျောင်းအုပ်ကြီး ဦးသော်ဇင်မျိုးတို့က အဖွင့်အမှာစကားပြောကြားပြီး အိမ်တွင်းလျှပ်စစ်ပြုပြင်ထိန်းသိမ်းနည်းနှင့် လျှပ်စစ်ဝါယာသွယ်တန်းနည်းကုန်ကျစရိတ် ရှင်းတမ်း ကို ဦးတင်ဝင်းက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များနှင့် ဆုရရှိသောသင်တန်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်းကြည်( ပြန် / ဆက်)