စစ်ကိုင်းမြို့ကုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်း

စစ်ကိုင်း  ဖေဖော်ဝါရီ  ၂၉

စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းပွဲတွင် အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းမှ ရဲမှူးကြီးအုန်းကျော်က သွေးလှူဒါန်းပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှ ရောဂါဗေဒဆရာဝန် ဒေါက်တာဖြိုးသူစံမှ သွေးလှူဒါန်းရရှိသည့် အကျိုးကျေးဇူးများကို ပြန်လည် ရှင်းလင်း ပြောကြားပေးခဲ့သည်။

" သွေးလှူဒါန်းတယ်ဆိုတာ ဇိဝိတဒါန ဖြစ်တယ်ဆိုတာကို သိရှိမှတ်သားမိပါတယ် ၊ ကိုယ့်ရဲ့သွေးနဲ့ အခြားသူများရဲ့ အသက်ကို ကယ်တင်ပေးရတဲ့ အလှူဖြစ်တဲ့အတွက် အလွန်မွန်မြတ်တယ်လို့လည်း မှတ်သားမိပါတယ် ၊ ကျွန်တော်တို့အနေနဲ့ ဒါဟာဒုတိယအကြိမ်မြောက်ဖြစ်ပါတယ် ပထမအကြိမ်မှာလည်း ဒီပြည်သူ့ ဆေးရုံကြီးမှာ လှူဒါန်းခဲ့ပါတယ် ပုံမှန်သွေးလှူဒါန်းနေတဲ့အပြင် လူနာတွေ သွေးအရေးပေါ် လိုအပ်တယ်ဆိုရင်လည်း အချိန်မရွေး အကြောင်းကြားပါ လာရောက် သွေးလှူဒါန်းပေးသွားပါ့မယ်" ဟု အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းမှ ရဲမှူးကြီး အုန်းကျော်က ပြောပြ၍သိရသည်။

အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်မိသားစုများသည် ပထမအကြိမ် သွေးလှူဒါန်းပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလလ (၂၁)ရက်နေ့က လှူဒါန်းပေးခဲ့ပြီး ယခုဒုတိယအကြိမ် တပ်ဖွဲ့ဝင်မိသားစု စုစုပေါင်း (၅၅)ဦးတို့က စုပေါင်းသွေးလှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်