ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ

ချောင်းဦး ဖေဖော်ဝါရီ ၂၈

ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး  စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီက ဟောပြောပွဲနှင့် သင်တန်း ဖွင့်လှစ် ကျင်းပရခြင်း အကြောင်းများကို ဆွေးနွေးသည်။

ယနေ့ဖွင့်လှစ်သော ဟောပြောပွဲနှင့် သင်တန်းတွင် ရပ်ရွာအတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိထားသင့်သည့် အခြေခံ လူမှုဝန်ထမ်း လုပ်ငန်းရပ်များ၊ ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊  ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ အမျိုးသား လူမှုရေး ပင်စင်အကြောင်း ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များကို သင်ကြားပို့ချဆွေးနွေးခဲ့သည်။

ချောင်းဦးမြို့တွင် ကျင်းပသည့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းသို့ မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များမှ အဖွဲ့ဝင် (၈၅)ဦးတက်ရောက်ကြပြီး သင်တန်းဆရာအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီက ဆွေးနွေးပို့ချခြင်း ဖြစ်ကြောင်း သိရသည်။

ယမင်း (ရွှေဦးမြေ)