ပုလဲ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးကော်မတီတို့ ပူးပေါင်း၍ မုန့်မျိုးစုံ ပြုလုပ်နည်းနှင့် ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်လူငယ်ရေးရာကော်မတီနှင့် ချိတ်ဆက်၍ ပုလဲမြို့မှာ မုန့်မျိုးစုံ ပြုလုပ်နည်းနှင့် ပန်းအလှဆင်သင်တန်းကို လာရောက် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး မုန့်မျိုးစုံပြုလုပ်နည်းနှင့် ပန်းအလှဆင်ပညာရပ်များမှာ လူမှုပတ်ဝန်းကျင်တွင် အသုံးဝင်သော ပညာရပ်များဖြစ်သောကြောင့် တက်ရောက်လာကြသူများက အမှန်တကယ် ကျွမ်းကျင် တတ်မြောက်အောင် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူငယ်ရေးရာကော်မတီဝင် ပုလဲမြို့နယ်လူငယ်ကိုယ်စားလှယ် ကိုညွန့်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန နည်းပြဆရာမ ဒေါ်မာမာမြင့်က သင်တန်းတွင် ဆွေးနွေးပို့ချမည့် မုန့်မျိုးစုံပြုလုပ်နည်းနှင့် ပန်းအလှဆင်ပညာရပ်များကို မိတ်ဆက်ရှင်းလင်းခဲ့သည်။
အဆိုပါ သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ ရက် ကြာမြင့်မည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)