လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူကြိုကျောင်းများသို့ သင်ထောက်ကူ ပစ္စည်းများဖြည့်တင်းရန် နှင့်ဆရာမများ အတွက် စုစုပေါင်းငွေကျပ်သိန်း(၁၀၀၀)ကျော်ထောက်ပံ့

မုံရွာ  ဖေဖော်ဝါရီ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနအသိမှတ်ပြု မူကြိုကျောင်းများသို့ သင်ထောက်ကူ ပစ္စည်း ဖြည့်တင်းရန်နှင့် သင်ကြားရေး ဆရာမများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ကိုယ့်အား ကိုယ်ကိုးမူကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ခံ ဆရာမတစ်ဦးကို တစ်လလျှင် ငွေကျပ် (၅၀၀၀၀)ကျပ်နှုန်းနှင့် အကူသင်ကြားရေး ဆရာမတစ်ဦးကို ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် တစ်နှစ်စာ စုစုပေါင်း ငွေကျပ် (၉၈၀၀၀၀)နှင့်သင်ထောက်ကူ ပစ္စည်းများဖြည့်တင်းရန်ငွေကျပ် (၁၀၀၀၀၀)နှုန်း ဖြင့် ကိုယ့်အား ကိုယ်ကိုး မူကြိုကျောင်း(၁၀၀)အတွက် စုစုပေါင်း ငွေကျပ်သိန်း(၁၀၆၀) အား စစ်ကိုင်းတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက သင်ဆိုင်ရာ ကျောင်းများမှ တာဝန်ခံ ဆရာမများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 “ တိုင်းဒေသကြီးအတွင်းမှာ ပုဂ္ဂလိကမူကြိုကျောင်းတွေရှိမယ်၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းတွေ ဆိုပြီး နှစ်မျိုးရှိတယ်၊ ပုဂ္ဂလိကမူကြိုဆိုတာက အပြင်မှာအခကြေးငွေနဲ့ ဖွင့်တဲ့ကျောင်းတွေဖြစ်ပြီး ဌာနက တည်ထောင် ခွင့်ပြုမိန့်ထုတ်ပေးပြီးတော့ ထောက်ပံ့ကြေးပေးစရာမလိုတဲ့ ကျောင်းအမျိုးအစားဖြစ် ပါတယ်၊ ဒီကနေ့မှာတော့ လူမှုရေး အသင်းအဖွဲ့တို့၊ ဌာနဆိုင်ရာ တွေကဖွင့်တဲ့ မူကြိုကျောင်းတွေဖြစ်တဲ့ ကိုယ့်အား ကိုယ်ကိုးမူကြို ကျောင်းတွေကို သင်ထောက်ကူပစ္စည်းဖြည့်တင်းဖို့နဲ့ သင်ကြားရေး ဆရာမတွေအတွက် ထောက်ပံ့ကြေး ငွေပေးအပ်တဲ့ အခမ်းအနား တစ်ခုဖြစ်ပါတယ်၊ တစ်ဆက်တည်းတွဲဘက်ပြီးတော့ အခမ်း အနားကို တက်ရောက် လာတဲ့ ဆရာမတွေကိုသင်တန်းတစ်ခုကို သင်ကြားပေးလိုက်တဲ့ အစီအစဉ်လေး တစ်ခုဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြုမူကြိုကျောင်း (၁၀၀)ကျောင်း၊ အသိအမှတ်ပြုရေး စိစစ်ဆဲကျောင်း (၈)ကျောင်းနှင့် မူကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့်ပေးထားပြီး ပုဂ္ဂလိက မူကြိုကျောင်း (၇၀) ကျောင်းရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)