မုံရွာ ဖေဖော်ဝရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမတွင် ရွှေနဂါးမင်း ကုမ္ပဏီမှ စွန့်လွှတ်မြေများကို မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ မြေပိုင်ရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မြေဧကအကျယ် (၈.၈၆၁)ဧက အတွင်းရှိ မူလမြေပိုင်ရှင် (၁၃)ဦးထံသို့ မြေလွှဲပြောင်းခြင်းဆိုင်ရာ အထောက်အထားစာရွက် စာတမ်းများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် ရွှေနဂါးမင်းကုမ္ပဏီမှ စွန့်လွှတ်အပ်နှံမြေ အပိုင်း(၄/၅)ရှိ မြေဧက(၈.၈၆၁)ဧကအား မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)