ပုလဲ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က အမှာစကားပြောကြားခဲ့ပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ များ အဆင်ပြေစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအား စာစစ် ဌာနအလိုက် အပြင်စည်းလုံခြုံရေး တာဝန်ခွဲချထားမှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ရေလိုအပ်ချက် နည်းသော သီးနှံများစိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော သီးနှံများ စိုက်ပျိုး ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်က ပွင့်လင်းရာသီကာလတွင် ဆည်မြောင်းများ၊ လက်တံမြောင်း များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ တောင်သူများဘက်မှ စိုက်ပျိုးရေ လိုအပ်ချက်များ စနစ်တကျတင်ပြတောင်းခံပါက အဆင်ပြေအောင်ပေါင်းစပ် ဆောင်ရွက်ပေး မည့် လုပ်ငန်းစဉ်များနှင့် ရေခွန်များ ကောက်ခံရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက ကူညီဆောင်ရွက်ပေးရေး ကိစ္စရပ်များကို လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွေးထွေးမွန်က အာဖရိက အပြင်းဖျား ဝက်ရောဂါအကြောင်းကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဌေးအောင် က မီးလင်းရေးဆောင်ရွက်ပြီးသော ကျေးရွာများရှိ အိမ်ထောင်စုများအတွက် လျှစ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သတ်၍ သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)