ဟားခါး ဖေဖော်ဝါရီ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်ချုပ်လမ်းစျေးသစ်ရပ်ကွက်ရှိ အဆိုပါ ရုံးအဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဆောက်အဦသစ်အား ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့်သတ္တု ဝန်ကြီး ဦးမာန်ဟင်းဒါလ် ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံဘဏ္ဍာ) ဦးအောင်ကျော်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ချင်းပြည်နယ်အတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနရုံး အဆောက်အဦသစ် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ဆက်စပ် လုပ်ကိုင်လျက်ရှိသော ဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ ချင်းပြည်နယ်၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ အသိပညာပေး ဟောပြောပွဲ လုပ်ငန်းများကို ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း နှင့် လူကြီး၊ လူငယ်၊ လူရွယ်၊ ကလေးများ အားလုံးတို့အတွက် အားကိုးအားထားပြုစရာ လုပ်ငန်းများကို ဆထက်ထမ်းပိုး တိုး၍ ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး သိက္ခာတော်ရဆရာတော် ဒေါက်တာ ကျဲအိုဆန်းကုန်း က ဘုရားသခင်နာမတော်အားဖြင့် ကြီးပွားတိုးတက်စေကြောင်း ဆုတောင်းစကားချီးမြှင့်ပေးခဲ့ သည်။
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးကို ၁၉၅၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆောက်လုပ် ပြီးစီးသည့် အဆောက်အဦသစ်မှာ ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာမှခွင့်ပြုငွေဖြင့် “မာစီပါရ်”ကုမ္ပဏီလီမီတက်က တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)