ဘုတလင်မြို့နယ်တွင် NEP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဘုတလင်  ဖေဖော်ဝါရီ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်ရွာ၊ မြင်သာ၊ ဆိတ်သာကန်၊ ကင်း၊ ဆည်ကြီး၊ ဆင်ဝင်၊ ကျွန်းချောင်း၊ စလွန်း၊ ကွမ်းခြံနှင့် နှုန်းတန်းကျေးရွာတို့၌ 11KV လျှပ်စစ်မီးလိုင်းများ ကျေးရွာအရောက် သွယ်တန်းခြင်း၊ ကွန်ကရစ် မီးတိုင်များ စိုက်ထူခြင်းနှင့် ထရန်စဖော်မာ တပ်ဆင်ခြင်း လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းရေး C1W12A/ Log-1 လုပ်ငန်းများကို ကျေးရွာ (၂၁) ရွာတွင် ခင်မောင်ညွန့်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

ဖိုးခါး(ပြန်/ဆက်)