ရှမ်းရွာသစ်မြို့တွင် Access To Health Fund အလှူရှင်အဖွဲ့မှ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

ရှမ်းရွာသစ်  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် Access To Health Fund အလှူရှင်အဖွဲ့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး  မိခင်နှင့်ကလေး ကျန်းမာရေးစီမံချက် အကျိုးသက်ရောက်မှု ရှိစေရန်နှင့် ကျေးလက်နေ ပြည်သူ့တို့၏ လိုအပ်လျှက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျေးလက် ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရှမ်းရွာသစ်မြို့ ကျေးလက် ကျန်းမာရေးဌာနတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဆွဇ်ဇာလန်သံရုံးကိုယ်စား ဒေါက်တာရဲမင်းထက်က မိမိတို့အဖွဲ့သည် ရှမ်းရွာသစ်မြို့ရှိ  ကျေးလက်နေ ပြည်သူတို့၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် လာရောက် ရခြင်းဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ကြောင်း၊ လိုအပ်ချက်များကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျား ဒေသများဆီကိုပဲ အဓိကထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းတို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နော်အေးအေးချိုက မိမိတို့ကျန်းမာရေးဌာနက ကျေးလက်နေ ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းအခြေအနေများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်ခြင်း လုပ်ငန်းများ၊ မိခင်နှင့်ကလေး အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အကြောင်းအရာ များကို ရှင်းလင်းခဲ့ပြီးနောက် Access To Health Fund အလှူရှင်အဖွဲ့မှ Mr.Will Niblett က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ကျေးလက်ကျန်းမာရေး ဝန်ထမ်းများနှင့် ထောက်ပံ့ကြေးရရှိသော ဒေသနေ ပြည်သူများအား သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဇင်လေး (ပြန်/ဆက်)