မင်းလှမြို့ ပန်းတော (၂)ကျေးရွာနှင့် ဒီလှိုင်း‌ကျေးရွာတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်

မင်းလှ  ဇန်နဝါရီ  ၂

ပဲခူးတိုင်း‌ဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ပန်းတော (၂) ကျေးရွာ၊ အပ္ပမာဒဘုန်းတော်ကြီးကျောင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် နှင့် ဒေသခံပြည်သူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  လူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးဦး‌အောင်ဇော်နိုင်က ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံများမှ မိမိတို့ကျေးရွာရှိ ဖွံ့ဖြိုးရေးဆိုင်ရာများအား တင်ပြပေးရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲလာမှု အခြေအနေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဖွဲ့စည်းထားရှိမှု အနေများအား ရှင်းလင်းစွာ သိရှိရန်လိုအပ်ကြောင်း၊ ယခုလာရောက်တွေ့ဆုံမှု အနေဖြင့် ဝန်ကြီး အနေနှင့်သာမက ကိုယ်စားလှယ်အနေဖြင့်ပါ လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အများဆန္ဒအား ဦးစားပေး၍ တင်ပြမှုများ ဆောင်ရွက်ပေးကြပါရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်မှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြရာ ဝန်ကြီးက ဖြည့်စွက်ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း‌ဆွေးနွေးဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။ အလားတူ ‌မွန်းလွဲ ၁ နာရီချိန်က ရွှေလောင်းအုပ်စု၊ ဒီလှိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ဝန်ကြီးနှင့်တကွ စိုက်ပျိုး‌ရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြ‌‌ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)