အ.ထ.က-ကလိန်အောင်၌ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကလိန်အောင် ဇန်နဝါရီ  ၂

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီကကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းနိုင်က ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းများကို ရှင်းလင်းခဲ့သည်။

အဆိုပါ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  စာစီစာကုံး ပြိုင်ပွဲတွင် အထက်တန်းအဆင့် အနေဖြင့်" လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ"  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်း အဆင့်အနေဖြင့် "လွတ်လပ်ရေးအောင်ပွဲ တို့ဆင်နွှဲ " ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ.ထ.က-ကလိန်အောင်ကျောင်း မှ ကျောင်းသား၊ ကျောင်းသူများ (၂၃)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မိုးမိုးခိုင်