နောင်ချို ဇန်နဝါရီ ၂
မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးမှာရှိသော ကလေး သူငယ်များအားလုံး အဓိကအခွင့်အရေး(၄)ရပ်ကို လူ့အဖွဲ့အစည်း အတွင်း ဦးဦးဖျားဖျားရယူနိုင်ရန်အတွက် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် မိဘမဲ့ကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးများအား သင်တန်းကျောင်းများတွင် ပညာသင်ကြားပေး ခြင်း၊ လူမှုအဖွဲ့အစည်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြုစုပျိုးထောင်ပေးခြင်း စသည်ဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နောင်ချိုမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးလွင်က ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ လုပ်ငန်းများဆွေးနွေးခြင်း၊ World Vision မှ နောင်ချိုမြို့နယ်အတွင်း ဆောင်ရွက်ရသော လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော (TCRC) အဖွဲ့ဝင်များမှ ရှေးလုပ်ငန်းစဉ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာ၊ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ (TCRC)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထွေးငယ်(နောင်ချို)၊ ပြန်/ဆက်