သီပေါမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

သီပေါ ဇန်နဝါရီ  ၁

ရှမ်းပြည်နယ်  (မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊  သီပေါမြို့နယ်တွင်  ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delievery) ကို ယမန်နေ့ နံနက်  ၁၁  နာရီခွဲအချိန်က နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ မဇ္စျိမာရာမအလယ်ကျောင်းတိုက်တွင်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ သီပေါမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းခမ်းအောင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျတို့က အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာန စသည့်ဌာနများ စုပေါင်း၍  ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

ဆက်လက်၍ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးစိုင်းထွန်းအေးနှင့် ဝန်ထမ်းများက အိမ်ထောင်စုဇယား ပျောက်ဆုံး၊ ပျက်စီးနှင့် မွေးဖွားမှုအတွက် အိမ်ထောင်စုစာရင်း ထည့်သွင်းပေးခြင်းများကို နေ့ချင်အပြီး ပြုလုပ်ပေးပြီး ပြည်သူများ၏ လက်ဝယ်အရောက်အပ်နှံပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း စသည့်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူ စုစုပေါင်း အင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်ဆက်)