(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲ ကျင်းပ

မန္တလေး ဇန်နဝါရီ ၂

အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၈၄ လမ်းနှင့် ၂၃ လမ်းထောင့်ရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ ယနေ့နံနက်၉နာရီက အောင်မြေသာစံ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲကို ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်နုနုဆွေ က (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲကျင်းပ ရခြင်းရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာခင်သူသူထွန်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကို စတင်ကျင်းပရာ အသက်မွေးကင်းစမှ (၆) လထိ ပြိုင်ပွဲ၊ အသက်(၆) လမှ (၁) နှစ်ထိ ပြိုင်ပွဲ၊ အသက် (၁) နှစ်မှ (၁) နှစ်ခွဲထိ ပြိုင်ပွဲ၊အသက်(၁)နှစ်ခွဲမှ(၂)နှစ်ထိပြိုင်ပွဲ၊ အမွှာပူးပြိုင်ပွဲ များကို တစ်ဦးချင်းပြသ ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

အဆိုပါအခမ်းအနားသို့ အောင်မြေသာစံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် မြို့နယ်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာ ခင်သူသူထွန်းနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်မိခင်နှင့်ကလေး စောင့်ရှာက်ရေး အသင်းဝင်များ၊ မြို့နယ် အတွင်းရှိ ကလေးမိခင်များ၊ အသက်မွေးကင်းစမှ (၆) လထိ ကလေးငယ်များ၊ အသက် (၆) လမှ (၁) နှစ်ထိ ကလေးငယ်များ၊ အသက် (၁) နှစ်မှ (၁) နှစ်ခွဲထိ ကလေးငယ်များ၊ (၁) နှစ်ခွဲမှ (၂) နှစ်ထိကလေးငယ်များ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက် ခဲ့ ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)