မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် မြန်မာရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ မိတ္ထီလာမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

မိတ္ထိလာ ဇန်နဝါရီ ၂

 

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအား ကစားအသင်းက ကြီးမှူး၍ မြို့နယ်(၁၁)မြို့နယ်မှ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမားများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

 

“မြင်းစီးအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ် မြင်းစီးအား ကစားသမားများပေါ်ထွက်လာ စေရေးနှင့် မြင်းကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူး၍ ဖိတ်ခေါ်မြင်းစီးအားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဖိတ်ခေါ်ပြိုင်ပွဲတွင် နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဧရာဝတီ မြင်းစီးကလပ်နှင့် မြစ်သား ၊ မြင်းခြံ၊ လှည်းကူး၊ ကျောက်ပန်းတောင်း၊ ပွင့်ဖြူ၊ ပျော်ဘွယ်၊ မလှိုင်၊ သာစည်မြို့နယ်များရှိ မြင်းစီးကလပ်(၂၆)ခုမှ မြင်းစီးအားကစားသမားများက လာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ မစတင်မီ မိတ္ထီလာမြို့နယ်မှ ဒေသခံပြည်သူများ ကြည့်ရှု့နိုင်စေရန်အမြင့် တန်းခုန် ကျော်ခြင်းနှင့် မြင်းအကအလှများဖြင့် ပြသခဲ့ကြောင်း “မိတ္ထီလာခရိုင် မြင်းစီး အားကစားအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်း က ပြောကြားခဲ့သည်။

 

ယခုလို မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ကို မကျီးချောက်ကျေးရွာတွင် လာရောက်ကျင်းပပေးသည့် အတွက် မိမိတို့ ကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများသာမက မိတ္ထီလာမြို့ပေါ်မှ ဒေသခံပြည်သူများလည်း မြင်းစီးအားပြိုင်ပွဲကို မြင်ခွင့်ရသည့်အတွက် အလွန်ဘဲပျော်ရွှင်လျက်ရှိကြောင်း၊ ယခင်က မြင်းစီးအားစကားပြိုင်ပွဲ များကို တီဗွီကြည့်မှ မြင်ရပါကြောင်း၊ မြင်းအားကစား ပြိုင်ပွဲအပြင် ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခြင်းမရှိသည့်အမြင့် တန်းခုန်ကျော်ခြင်းများ နှင့် မြင်းအက အလှများကိုလည်း ပြိုင်ပွဲ မစတင်မီ ပြသခဲ့သည့်အတွက် အပြင်မှာ လက်တွေ့ မြင်ရသည့်အတွက် ဒေသခံပြည်သူများမှာ အလွန်ဘဲ ပျော်ရွှင်ဝမ်းသာလျက်ရှိကြောင်း မကျီးချောက်ကျေးရွာ ရာအိမ်မှူးဦးကျော်ဌေးကပြောကြား ခဲ့သည်။

 

အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ (အသားကျ)၊ မြင်းဒုံး (အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း) အဖြစ် ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲခြား၍ ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့က မြင်းဒုံး (အငယ်တန်း)ပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(ပြန်ဆက်)