နေပြည်တော် ဇန်နဝါရီ ၂
ပြည်တောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးက ဦးဆောင်ကာ ပျဉ်းမနားမြို့နယ် ဘိုးဘွားရိပ်သာနှစ်ပတ်လည် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗုဒ္ဓဘာသာ ပျဉ်းမနားဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓဘာသာပျဉ်းမနား ဘိုးဘွားရိပ်သာတွင် မှီခိုနေထိုင်၍ တရားဘာဝနာများ ပွားများအားထုတ်လျက်ရှိကြသော ဘိုးဘွားများ စားဝတ်နေရေး၊ ကျန်းမာရေးမှအစပြည့်စုံစေရန်အတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းငွေ ဆယ်သိန်းကျပ်၊ နေပြည်တော်ကောင်စီ သီးခြားလှူဒါန်းငွေ ငါးသိန်းကျပ်၊ နေပြည်တော်ဌာနဆိုင်ရာများမှ လှူဒါန်းငွေ နှစ်ဆယ်ငါးသိန်းရှစ်ထောင် သုံးရာကျပ် နှင့် Cypress ကုမ္ပဏီ ဦးရဲရင့်ထွန်းမှ လှူဒါန်းငွေ ငါးသိန်းကျပ်တို့အား နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများက ငွေပဒေသာပင်များအား ပေးအပ်လှူဒါန်းရာ ဗုဒ္ဓ ဘာသာ ပျဉ်းမနား ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ ဦးလှမြင့်မှ လက်ခံရယူခဲ့သည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ လှူမှုရေး အသင်းအဖွဲ့များ၊ ဘိုးဘွား ရိပ်သာရှိ အဘိုး၊ အဘွားများနှင့် အလှူရှင်များက စုပေါင်း၍ ပျဉ်းမနားမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်(၁၀၈)ပါး၊ သီလရှင်(၄၅)ပါးတို့အား ဆွမ်းဆန် စိမ်းနှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)