မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာများဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်

တပ်ကုန်း ဇန်နဝါရီ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  နေပြည်တော် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဇာဝေ က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဦးစီးအရာရှိတို့က ဆူးတပ်၊ လက်ပံပု၊ ပန်းညို၊ ဇရပ်ကြီးကုန်း၊ ထန်းတပင်၊ စိန်ပန်းခိုင် စသည့်မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ(၆)ရွာစာ အတွက် တစ်ရွာလျှင် သိန်း(၃၀၀)နှုန်း၊ စုစုပေါင်းသိန်း(၁၈၀၀)အား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးဆပ်ကော်မတီများကို လွှဲပြောင်းပေးအပ် ခဲ့သည်။ 

တပ်ကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ စုစုပေါင်းကျေးရွာ(၂၃)ရွာ၊ ယူနစ်(၂၁) ယူနစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်