မြောက်ဥက္ကလာပမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြောက်ဥက္ကလာပ  ဇန်နဝါရီ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးက "ထာဝစဉ်မမေ့ဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းစို့"၊ "လွတ်လပ်ရေးနေ့"၊ "လွတ်လပ်ပန်း"၊ "လွတ်လပ်ရေးနေ့မှသည်" စသည့်ခေါင်းစဉ်များဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍  မြို့နယ်ပြန်/ဆက် ဦးစီးမှူးဒေါ်မြမြဝင်းက စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင် ပွဲ အမှတ်ပေးစည်းမျဉ်းနှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင်  ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအား ဆုများချီးမြှင့်ခဲ့သည်။

ထိုနောက် ကျောင်းသား၊ ကျောင်းသူများမှ ကလေးစာပေများဖတ်ရှုခြင်း၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားရှိသည့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ စသည့် နံရံကပ်စာစာစောင်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)