ချောင်းဦး ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်း ကို ယနေ့ နံနက်(၈)နာရီအချိန်က ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်(၁)ဦး၊ စာရင်းကောက်(၄)ဦးဖြင့် အဖွဲ့ခွဲ၍ ကောက်ယူနေကြောင်း၊ ချောင်းဦးမြို့နယ်တွင် ကောက်ကွက်စာရင်းဝင် (၉)ကွက်ရှိရာ ယနေ့တွင် ချောင်းဦး မြို့ မြို့သစ်ရပ်ကွက်ကို စတင်ကောက်ယူဆောင်ရွက်ကြောင်း၊ ကောက်ကွက်စာရင်းဝင် မြို့ပေါ်(၂)ရပ်ကွက် နှင့် ကျေးရွာ(၇)ရွာတို့မှ သတ်မှတ်အိမ်ထောင်စု (၃၅)စုစီရှိ အိမ်ထောင်စုဝင်အားလုံးကို အချက်အလက်ပေါင်း (၁၁၀)ပါဝင်သည့် မေးခွန်းများကို မေးမြန်းကောက်ယူမှာဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂)ရက်မှ (၁၅)ရက်အထိ (၁၄)ရက်ကြာ ကောက်ယူမည်ဖြစ်ကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုးထွန်းအောင်က ပြောပြသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုးထွန်းအောင်၊ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဝင်များ၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးသန်းအေး၊ ရပ်ကျေးစာရေးနှင့် စာရင်းကောက်အဖွဲ့ဝင်များ ပါဝင်ကြကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)