ဘုတလင် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ(၅၂၅)သိန်း လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီခွဲအချိန်က မြို့ပေါ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မြစိမ်းရောင်စီမံကိန်းသည် ကျေးရွာဖွံ့ဖြိုးရေးအတွက် အရေးပါသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ကျေးရွာကော်မတီဝင်များက စီမံကိန်း ရန်ပုံငွေ များကို အကျိုးရှိအောင် သုံးစွဲကြရန်နှင့် ငွေစာရင်းရှင်းတမ်းများကို စနစ်တကျ ပြုစုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က မြို့ပေါ်ကျေးရွာ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသား(၂၈၇)ဦးအတွက် လည်ပတ်ရန်ပုံငွေ(၅၂၅)သိန်းကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝင် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)