ချောင်းဦးမြို့၌ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ

ချောင်းဦး ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်း ဒေသခံပြည်သူများနှင့် ကလေးငယ်များတွင် ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားမှုများကင်းဝေးစေရန်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် ၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေးစတင်ထည့်သွင်းတိုက်ကျွေးခြင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ထွန်းဦး က မြို့နယ်အတွင်း ဗိုင်းရပ်စ်ရောဂါပိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ၀မ်းပျက်/ ၀မ်းလျှောရောဂါများ ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပြင်းထန်၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေး စတင်ထည့်သွင်းတိုက်ကျွေးခြင်း လုပ်ငန်းအစီအစဉ်များနှင့် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့ပွားမှု မဖြစ်စေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားမှု လက္ခဏာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက မြို့နယ်အတွင်း ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကင်းဝေးစေရန် ကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ဝိုင်း၀န်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပြင်းထန်၀မ်းပျက်၀မ်းလျှော(Rota Virus) ကာကွယ်ဆေး စတင်ထည့်သွင်းတိုက်ကျွေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းတိုက်ကျွေးခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးတိုက်ကျွေးခြင်း နည်းစနစ်များ စနစ်တကျတိုက်ကျွေးရေးအတွက် ကျန်းမာရေး၀န်ထမ်းများကို (၂)ရက် သင်တန်းပို့ချသင်ကြားပေးပြီးဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ထွန်းဦး က ပြောပြ၍ သိရသည်။

အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်းသက်လင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ထွန်းဦးနှင့် ကျန်းမာရေး၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)