ဆားလင်းကြီး ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကုန်းကြီးကျေးရွာ ဂရုဏာလဝန်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပါဝင်သော ကျန်းမာရေးနှင့် အသက်ကယ်အောက်ဆီဂျင် ကုသိုလ်ပြုအောင်ပွဲ (၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ည (၇) နာရီက ဇီးပဏီ(တ) ကျေးရွာအုပ်စု ကုန်းကြီးကျေးရွာ ရွာဦးရတနာမှန်စီ ကျောင်းတိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာပေဟောပြောပွဲတွင် စာရေးဆရာ ထက်အိမ်လွင်က "ခေါင်းနှင့်ပန်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ သက်ထားမောင်(ဆားလင်းကြီး) က "တွေ့ရကြုံရ-ပရဟိတသမားတို့ဘဝ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မေသန့်နိုင်က " ကျမပြောပြချင်သော ကိုယ်တွေ့ဝတ္ထု ဇာတ်လမ်းများခေါင်းစဉ်ဖြင့် လည်းကောင်း စာပေရေးရာများကို အသီးသီး ဟောပြောခဲ့ကြသည်။
အဆိုပါ စာပေဟောပြောပွဲသို့ ကုန်းကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ စာပေကို ချစ်မြတ်နိုးကြသည့် စာပေဝါသနာရှင် ပြည်သူများက စိတ်ဝင်တစား လာရောက်ကာ နားထောင်ခဲ့ကြကြောင်း သိရသည်။
ဇော်လင်း(ဆားလင်းကြီး)