မူဆယ် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံဘက်သို့ တရားမဝင်တင်သွင်းလာပြီး (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်၊ စစ်ဆေးရေးဂိတ်၌ အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅) မိုင်ရှိ စိုက်ပျိုးရေးရုံးဝန်းအတွင်း၌ မြေမြှုပ်ဖျက်ဆီးခဲ့သည်။
အဆိုပါ တရားမဝင်ပိုးသတ်ဆေးကို အကောက်ခွန်ဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ မြေမြှုပ်ဖျက်ဆီးရာ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ အကောက်ခွန်ဦးစီးဌာနမှူး ဦးမောင်မောင်ထန်း၊ မူဆယ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးဒေါ်နန်းလွင်လွင်စိန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူး၊ ဌာနဆိုင်ရာများနှင့် မြေမြှုပ်ဖျက်ဆီးရေး ကော်မတီအဖွဲ့ဝင်များက မြေမြှုပ်ဖျက်ဆီးသည်။
မြန်မာနိုင်ငံဘက်သို့ တရားမဝင်တင်သွင်းပြီး ဖမ်းဆီးရမိထားသည့် ပိုးသတ်ဆေး(Chlorpyrifor) (၅၀)ဖာ၊ မှိုပိုးသတ်ဆေး(Dimethomorph) (၁၀)ဖာ၊ ပိုးသတ်ဆေးအရည်(၁၂)ဖာ၊ မှိုပိုးသတ်ဆေး အမှုန့်(၈)ဖာ၊ စုစုပေါင်း(၈၀)ဖာနှင့် ကာလတန်ဖိုးခန့်မှန်း (၁၄၂)သိန်းကျော်ကို မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)