ပူတာအို၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပူတာအို   ဇန်နဝါရီ   ၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနား၊ သ၀ဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သတ်မှတ်နေရာ အသီးသီးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတင်ခြင်းအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ကွင်းပြင်၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖတို့က မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ဦးဆောင်မှုဖြင့် အစီအစဉ်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို  အလေးပြုကြသည်။

ဆက်လက်၍ နံနက်(၇)နာရီတွင် သ၀ဏ်လွှာဖတ်ပွဲအခမ်းအနားကို  အ.ထ.က(ပူတာအို) အောင်ဆန်းခန်းမ ၌ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့၏ဦးဆောင်မှုဖြင့်   ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တက်ရောက်လာသူများက    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေး ပြု ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနား သို့ပေးပို့သည့် သ၀ဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ဖတ်ကြားသည်။

ထို့အပြင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ဖြစ်သည့် အသက် (၁၆)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ၊ ကျား၊မ မီတာ ၅၀ အပြေးပြိုင်ပွဲ၊  ကျား၊မ မီတာ ၁၀၀ အပြေး ပြိုင်ပွဲ၊ သံပုံးရိုက်(အလွတ်တန်း)နှင့်အခြား ပျော်ပွဲရွှင်ပွဲများကို ပူတာအိုမြို့နယ် ပြည်သူ့ အားကစားကွင်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)