မိုင်းရယ် ဇန်နဝါရီ ၄
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ယနေ့နံနက် ၄ နာရီ မိနစ်၂၀ အချိန်က (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို မိုင်းရယ်မြို့ အားကစားကွင်းအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား တိုင်ထိပ်သို့ လွှင့်ထူပြီး တက်ရောက်လာသည့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းနောက် နံနက်(၇)နာရီအချိန်တွင် မိုင်းရယ်မြို့နယ် ပြည်ထောင်စုခန်းမ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့်(၇၂)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က ဖတ်ကြားခဲ့သည်။ အဆိုပါ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပွဲ အခမ်းအနားသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း (၆၅၀)ဦး ခန့် တက်ရောက်ကြပြီး ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းရယ် မြို့နယ်ရုံးက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေ သည့် သတင်းစကား လက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ခင်မာလာ(ပြန်/ဆက်)