မိုင်းဆတ်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဝန်ထမ်းအိမ်ယာ(၁၆)ခန်းဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

မိုင်းဆတ်    ဇန်နဝါရီ   ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဝန်ထမ်းအိမ်ယာ(၁၆)ခန်း ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့်တာဝန်ရှိသူတို့က မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ ပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

"မိုင်းဆတ်မြို့က နယ်စပ်ဒေသမြို့ဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် အစစအရာရာ ဈေးနှုန်းတွေ ကြီးမြင့်တယ်။ အိမ်ခန်းငှားခဆိုရင် အနည်းဆုံး ကျပ်ငါးသောင်းကနေ သိန်းဂဏန်းအထိရှိတဲ့အတွက် အခြားဒေသက လာရောက်တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေမှာ အခက်အခဲကြုံရပါတယ်။ ဒါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေနဲ့ (၄)ခန်းတွဲ၊ (၄)ထပ် ဝန်ထမ်းအိမ်ယာ(၁)လုံး အခန်းပေါင်း (၁၆)ခန်း ဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ပြောသည်။

"ကျွန်မ ဒီမြို့မှာတာဝန်ကျတာ သုံးနှစ်ကျော်ရှိပါပြီ၊ ဌာနက ဝန်ထမ်းအိမ်ယာမရှိတော့အပြင်မှာ တစ်လကို ကျပ် ခြောက်သောင်းပေးပြီးငှားနေရတယ်။ အရပ်ထဲမှာ ငှားနေရတာဆိုတော့ အဆင်မပြေတာတွေလည်းရှိတာပေါ့၊ အခုလို ဝန်ထမ်းတွေအတွက် အိမ်ယာတွေဆောက်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့" ဟု ပညာရေးဌာနမှ ဆရာမ တစ်ဦးက ပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ယာသစ်သည် အလျား(၆၁ ဒဿမ ၅) ပေနှင့် အနံ (၅၁)ပေရှိပြီး ပြည်နယ်အစိုးရခွင့်ပြု ရန်ပုံငွေ ဖြင့် မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သုံးယိမ်းဟွားဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

သန်းဇော်(မိုင်းဆတ်)