မိုင်းယောင်း ဇန်နဝါရီ ၅
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့က မြန်မာပြည် အရှေ့ဘက်အစွန်ဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ကျင်းပရာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
မြို့နယ်အတွင်းရှိ ရပ်/ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြေးခုန်ပစ်၊ မီးထွန်း၊ စုံခုန်၊ အိတ်စွပ်၊ သုံးချောင်းထောက်၊ အပ်နဖားထိုး၊ ဆန်ကောရွက်၊ ပူဖောင်းဖောက်၊ အာလူးကောက်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် စသည့် အားကစားပြိုင်ပွဲများကို အစုအဖွဲ့အလိုက်၊ အသင်းအဖွဲ့အလိုက်၊ အားကစားနည်းများအလိုက် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲအလိုက် ဆုရရှိသူများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများ၊ သက်ဆိုင်ရာ ဆရာ/ဆရာမများက ဆုများ ချီးမြှင့်ခဲ့ကြကြောင်း၊ မိုင်းယောင်းမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပပြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)