ဖားကန့်သီတဂူစက္ခုဒါနဆေးရုံ၌ အလှူရှင်၏ လှူဒါန်းမှုဖြင့် အထွေထွေခွဲစိတ်ကုသဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့

ဖားကန့်         ဇန်နဝါရီ        ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံဝင်းအတွင်း  အလှူရှင်၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် အထွေထွေခွဲစိတ်ကုသဆောင်သစ်အား ယမန်နေ့က တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။

အထွေထွေခွဲစိတ်ဆောင်သစ်ကို ပိုင်ဖြိုးသီဟကျောက်မျက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ညွန့်မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး သုံးထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

သီတဂူစက္ခုဒါနဆေးရုံတွင် ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ မျက်စိဝေဒနာသည်များအား တတိယအကြိမ်မြောက် မျက်စိအထူးကုပါရဂူများ၊ ဆရာဝန်များမှ အခမဲ့ကုသမှုဆောင်ရွက် ပေးတော့မည်ဖြစ်ပြီး အထွေထွေခွဲစိတ်ဆောင်၌လည်း အထွေထွေရောဂါများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည်။

အထွေထွေခွဲစိတ်ကုသဆောင်အား မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆန်းကြွယ်မှော်တောင်း ပရိယတ္တိမစိုးရိမ်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကဝိသာရ၊ ရှေ့တန်းတပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ ရဲမှူးကြီးသန်းထိုက်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်၊ နှစ်ခြင်းအသင်းတော်ကောင်စီအတွင်းရေး မှူး သိက္ခာတော်ရဆရာတော် ဦးဘီတူးဂျာနှင့် အလှူရှင် ပိုင်ဖြိုးသီဟကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ညွန့်တို့က ယမန်နေ့ နံနက်(၁၀)နာရီတွင် အာရုဏ်ခံစက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တစ်ဆက်တည်း အဆိုပါနေ့က အလှူရှင်မိသားစုမှ သီတဂူစက္ခုဒါနဆေးရုံတော်စီမံအုပ်ချုပ်မှု ကော်မတီသို့ အထွေထွေခွဲစိတ်ကုသဆောင်ကြီးနှင့်အတူ သက်ဆိုင်ရာစာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)