ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေး

နေပြည်တော်  ဇန်နဝါရီ   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   ငကောင်းကံကျေးရွာအုပ်စု၊  ဝက်စုကျေးရွာ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ် အတိုးအရင်း ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းဇော် က ချေးငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာများအရောက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို လာရောက်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက  စိုက်ပျိုး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြမည့် အသင်းဝင် (၈၉) ဦး တို့အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်ရန်ပုံငွေ အတိုးအရင်းငွေ ကျပ်(၃၆၀) သိန်း ကို ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဝင်များထံသို့ လွှဲပြောင်း ပေးသည်။

အဆိုပါချေးငွေများပေးအပ်ရာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာမြစိမ်းရောင်စီမံကိန်း ကော်မတီဝင် များနှင့် အသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)​