မိုးမိတ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးမိတ်   ဇန်နဝါရီ    ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (၁)  ပညာမြင်းမိုရ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးရဲထွဋ်က ပြောင်းလဲလာသည့် ပညာရေးခေတ်စနစ်သစ် နှင့်အညီ ကာယ၊ ဉာဏမျှတပြီး နောင်အနာဂတ်အတွက် နိုင်ငံအကျိုး၊ မြို့နယ်အကျိုး၊ ရပ်ရွာအကျိုး သယ်ပိုးနိုင်မည့် ကျောင်းသား/ကျောင်းသူလေးများ ပေါ်ထွန်းလာရေး မိမိတို့ဆရာ၊ ဆရာမများ တွင်သာမက မိဘပြည်သူများကလည်း တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန်ဗဟိုအဆင့်ရှိသော အ.ထ.က (၂) မဆုမြတ်နိုး၊ ပြည်နယ်နှင့်တိုင်းအဆင့် ဘော်လီဘော ပ.ထ.မဆု(ရွှေတံဆိပ်ဆု) ရရှိသော အ.ထ.ကခွဲ  (ဘော်ဒေ)မှ မောင်တွမ်းဆီးနှင့် ပြည်နယ်နှင့် တိုင်းအဆင့်ပြေးခုန်ပစ် ပ.ထ.မဆု(ရွှေတံဆိပ်ဆု) ရရှိသော အ.ထ.က (၁) မှ မောင်သူရဦးတို့အား ပန်းကုံးစွပ်၍ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ကာယဆု၊ ဉာဏဆု ရရှိသော ထူးချွန်ကျောင်းသား/ကျောင်းသူများ၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးကြီး နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)