မကွေး ဒီဇင်ဘာ ၆
၂ဝ၁၉ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မကွေးခရိုင် အားကစားကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပေါက်မြို့နယ်အသင်းနှင့် ဆိပ်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပေါက်မြို့နယ်အသင်းမှ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိကာ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
မြန်မာ့ဘောလုံးအားကစားကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ဝန်ကြီးချုပ် ဖလား(၂၅)မြို့နယ် အသက်(၂၁)နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ မြို့နယ်ဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု ပေါက်မြို့နယ်အသင်း၊ ဒုတိယဆုဆိပ်ဖြူမြို့နယ်နှင့် တတိယဆုကို မင်းဘူးမြို့နယ်နှင့် ချောက်မြို့နယ် အသင်းတို့မှ ပူးတွဲရရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် (၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲတွင် ပထမဆုကို ဆွဲပြား၊ ဆုကလပ်နှင့် ငွေသား ခုနစ်သိန်းကျပ်ကို လည်းကောင်း၊ ဒုတိယဆုကို ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆု ငါးသိန်းကျပ်ကို လည်းကောင်း၊ ပူးတွဲတတိယ ဆုရရှိသော အသင်းများအား ဆွဲပြား၊ ဆုကလပ်နှင့် ငွေသား နှစ်သိန်းငါးသောင်းကျပ်စီနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် အတန်းလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို တစ်ဦးလျှင် ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆု နှစ်သောင်းကျပ်စီတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)