မိုးညှင်း ဇန်နဝါရီ ၆
မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားလျှင် အချိန်နှင့်တစ်ပြေးညီ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့ စိမ်းလဲ့ရတနာ ခန်းမ၌ ဖွင့်ပွဲကျင်းပရာ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံစစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို စာတွေ့လက်တွေ့ ပို့ချသင်ကြား သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ကျော်က အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် မီးသတ်ဝတ်စုံများကို ခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက်ကပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့မှ ဦးအောင်ဆန်းဦးက လက်ခံရယူခဲ့သည်။
မိုးညှင်းမြို့နယ်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း မီးလောင်မှု (၂၁)ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် (၂၇)လုံးနှင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၄၇၆ ကျော်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ စာရင်းဇယားများ အရ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)