ကုန်ကြမ်းရှားလာခြင်းနှင့်အခြားလုပ်ငန်းများပေါများလာသဖြင့် ဂျုံရိုးဖြင့်ရက်လုပ်သည့်ဦးထုပ် လုပ်ငန်းလုပ်ကိုင်သူနည်းပါးလာ

ချောင်းဦး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်လုပ်ကိုင်လျက်ရှိသော ဂျုံရိုးဦးထုပ်လုပ်ငန်းသည် ယခုအခါတွင် ကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် လုပ်ကိုင်သူများနည်းပါးလာကြောင်း ချောင်းဦးမြို့နယ်ငါးလုံးတင် ကျေးရွာမှဂျုံရိုးဦးထုပ် လုပ်ငန်းကိုင်သူများ ထံမှသိရသည်။

“အခု ဂျုံရိုးဦးထုပ်ဈေးကွက်အနေနဲ့ကတော့ကောင်းတယ်၊ ကုန်ကြမ်းတော့ရှားသွားတယ်၊  ကုန်ကြမ်းရှားလာတာ(၅)နှစ်လောက်ရှိပြီ၊ သိသိသာသာရှားလာတာကတော့ (၃)နှစ်လောက်ရှိပြီ၊ ကုန်ကြမ်း ရှားလာတဲ့အတွက် ဒီရွာမှာဂျုံရိုး ဦးထုပ် လုပ်တဲ့သူတွေလည်း လျော့လာ တယ်၊ ဒီလုပ်ငန်းကမိသားစုများမှ၊ အလုပ်သမားများမှ လုပ်လို့ရတာဖြစ်တယ်၊ တစ်ချို့မိသားစုနည်းတဲ့သူတွေဆို မလုပ်နိုင်တော့ဘူး၊ အရင်က ကုန်ကြမ်းက ချောင်းဦးမြို့နယ်အတွင်းမှာတင်ရတယ်၊ အခုနောက်ပိုင်းမှာတော့ ချောင်းဦးမြို့နယ်က ဂျုံစိုက်တဲ့ နေရာတွေမှာ နိုင်ငံခြားဈေးကွက်ဝင်ဖရဲ၊ သခွားမွှေးသီးနှံတွေစိုက်ပျိုးလာတော့ ဂျုံစိုက်တဲ့သူနည်းသွားတဲ့အတွက် ကုန်ကြမ်းကိုတစ်ခြား မြို့နယ်ဘက်တွေကပဲ လိုက်ရှာဝယ်ရတော့တယ်၊ ကြာလာရင်တော့ ဒီရွာရဲ့ မိရိုးဖလာ လုပ်ငန်းဖြစ်တဲ့ ဂျုံရိုးဦးထုပ်က ကုန်ကြမ်း အခက်အခဲကြောင့် ရပ်နားရတော့မဲ့အခြေအနေဖြစ်နေပြီ” ဟု ဂျုံရိုး ဦးထုပ် လုပ်ငန်းရှင် ဒေါ်ခင်သန်းဝင်း က ပြောသည်။

ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာတွင် ယခင်ကဂျုံရိုးဦးထုပ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူ (၈)ဦးလောက် ရှိရာမှ ယခုအခါ(၃)ဦးသာရှိတော့ပြီး လုပ်ငန်းကြီးလုပ်ကိုင်သူ(၆)ဦးရှိရာမှ ယခုအခါ(၁)ဦးသာ ဆက်လက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)