ဝန်းသို ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဆောင်းရာသီဥတု၏ ရာသီအစားအစာ တစ်ခုဖြစ်သော ခေါပုတ်(သို့) ခေါဆီပြုလုပ်၍ ရောင်းချလုပ်ကိုင်သူများ အဆင်ပြေလျက် ရှိကြောင်း ခေါပုတ် ရောင်းချနေသူ တစ်ဦးထံမှ သိရသည်။
"ကောက်ညှင်းဆန်အနက် ၂၄ ပြည်တစ်အိတ်ကို ၄၃၀၀၀ ကျပ်၊ ကောက်ညှင်းအဖြူ တစ်အိတ်ကို ၄၀၀၀၀ ကျပ် ဝယ်ယူရတယ်၊ ကောက်ညှင်းဆန်တစ်ပြည်လျှင် ခေါပုတ်တစ်ပိဿာနှင့် ၈၀ ကျပ်သားရရှိပြီး ခေါပုတ်တစ်ပိဿာကို ၁၅၀၀ ကျပ်စျေးရှိတယ်၊ တစ်နေ့ကို ခေါပုတ် ၈၀ ပိဿာရောင်းချပြီး ပိဿာ ၂၀ လျှင် အနည်းဆုံးအမြတ်ငွေကျပ် ၅၀၀၀ ကျန်တယ်၊ ခေါပုတ်များကို ရွှေဘိုမြို့၊ စိုင်ပြင်ကြီး၊ ဇီးကုန်းမြို့များသို့ ရထား၊ ကားတို့ဖြင့် တင်ပို့ရောင်းချရတယ်" ဟု ခေါပုတ်ရောင်းချသူ ဒေါ်သွယ်သွယ်မြင့်က ပြောပြခဲ့သည်။
ခေါပုတ်(သို့) ခေါဆီပြုလုပ်ရာတွင် ကောက်ညှင်းကို ရေဆေး၊ ရေစိမ်ထားပြီး ညနေ ရထား/ကားချိန် အမီ နေ့ခင်း ၁ နာရီလောက်တွင်စ၍ ကောက်ညှင်းပေါင်းရကြောင်း ကောက်ညှင်းပေါင်းကို နူးအိအောင် မောင်းဖြင့်ထောင်းပြီး ခေါပုတ်အဆင့် ရောက်သွားသော ကောက်ညှင်းများကို မြေပဲဆီဖြင့် ခေါပုတ်အပြား အသေးကလေးများ ဖြစ်အောင်ပြုလုပ်ရကြောင်း၊ ခေါပုတ်အဖြူတစ်တန်း အနက်တစ်တန်း နှစ်မျိုးပေါင်း ၅၀ ကျပ်သားကို ပလပ်စတစ်အဖြူဖြင့်ထုပ်ပြီး ၅၀ ကျပ်သားနှစ်ထုတ်ကိုအင်ဖက်ဖြင့် ပြန်လည် ထုတ်၍ ပီနံအိတ် အတွင်းသို့ သုံးထုတ်တစ်တန်း၊ ၆ ထုတ်တစ်ထပ်ဖြင့် အထုတ် ၃၀ ထည့်ရကြောင်း တစ်အိတ်လျှင်အချိန် ၃၀ ပါရှိကြောင်း သိရသည်။
ခေါပုတ်(သို့)ခေါဆီရောင်းချသည့် လုပ်ငန်းကို သီတင်းကျွတ်လပြည့်ကျော်မှ တပေါင်းလကုန်ထိ ခြောက်လတာ လုပ်ကိုင်ရပြီး မိသားစုနေ့စဉ်ဝင်ငွေရရှိ၍ ခေါပုတ်(သို့) ခေါဆီရောင်းချ လုပ်ကိုင်သူများ အဆင် ပြေလျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)