သီပေါ ဇန်နဝါရီ ၇
ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းက ကျေးလက်နေပြည်သူများ၏ မိသားစုအပိုဝင်ငွေများရရှိစေရန်၊ တစ်ပိုင်တစ်နိုင်မိသားစုစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်တို့အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ (၂၀) ခန့်မှ စိတ်ပါဝင်စားသူ သင်တန်းသူ (၄၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)