ဗန်းမော် ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၄၃) ကြိမ်မြောက် ရှမ်းမျိုးနွယ်ဝင်များ ကောက်ဦးဆွမ်း စုပေါင်းကပ်လှူပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရွှေကျီးနားမဟာစေတီတော်မုခ်ဦး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဖားဝိသိဋ္ဌမင်္ဂလာကျောင်းသစ်ဆရာတော် ဦးမဏ္ဍလ၊ မင်းလှကျောင်းဆရာတော် ဦးပဏ္ဍဝ၊ တံခွန်တိုင်ကျောင်းဆရာတော် ဦးဣန္ဒာသဖတို့အား အမှူးထား၍ ရှမ်းမျိုးနွယ်ဝင်များက မိမိတို့လုပ်အားဖြင့်ရရှိခဲ့သည့် ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံဆန်ရေစပါးဆွမ်းဘောဇဉ်အရသာအဖြာဖြာတို့ကို ဘုရားအမှူးရှိသော အရိယာနွယ်ဝင် သမုတိသံဃာတော်အရှင်သူမြတ်တို့ကို စုပေါင်းဆက်ကပ်လှူဒါန်းခြင်းပြုလုပ်သည့် ပူဇော်ပွဲဖြစ်သည်။
ကောက်ဦးဆွမ်းပွဲတော်အတွင်း ရှမ်းရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခြင်း၊ မာရသွန်ပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
"အလှူအတန်းပြုလုပ်တဲ့ ရည်ရွယ်ချက်ပါပဲ၊ ဗုဒ္ဓဘာသာဝင်မှန်သမျှ တစ်နှစ်ပတ်လုံး စုဆောင်းထားတဲ့ ငွေကြေးလေးတွေထည့်ဝင်ကြတာတို့ ပေါ်ဦးပေါ်ဖျား ဆွမ်းဆန်တွေကပ်လှူကြတာတို့ ပြုလုပ်ခြင်းဖြစ်ပါတယ်" ဟု ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဖေသန်းက ပြောသည်။
ပွဲဖြစ်မြောက်ရေးရုံးအဖွဲ့မှူး ဦးရဲထွဋ်ကလည်း "ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၅ နာရီမှစတင်ပြီး ရွှေကျီးနားမဟာစေတီတော်နှင့် အိုက်ခေါတော်စေတီတော်တို့အား ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ ခရိုင်အတွင်းရှိ ပင့်သံဃာအပါး (၂၀၀) ကျော်နှင့် သီလရှင်အပါး (၁၀၀) ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ရပ်နီးရပ်ဝေးဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း၊ အနုမောဒနာတရားနာယူခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်"ဟု ဆက်လက်ပြောကြားသည်။
ဇန်နဝါရီ ၇ ရက်မှ ၉ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါကောက်ဦး ဆွမ်းကပ်ဖွင့်ပွဲအခမ်းအနားသို့ နယ်မြေခံတပ်ရင်းမှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတိုးလွင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းလင်းကို၊ ခရိုင်သာသနာရေးမှူး ဦးသန်းထွန်း၊ ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးဖေသန်း၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မိုးလွင်တို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်( ပြန်ဆက် )