နမ့်ဆန် ဇန်နဝါရီ ၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမဆောင်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီက ကျင်းပသည်။
ရှေးဦးစွာ မန်ခိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်အေးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား/သူများ အောင်ချက်မြင့်မားစေရန် သင်ကြားရေးတွင် ဆောင်ရွက်ပေးကြသော ကျောင်းဆရာ/ဆရာမတို့ ကြိုးစားအားစိုက်ဖို့လိုသလို ကျောင်းသားမိဘများကလည်း မိမိ သား/သမီးများအား ကြီးကြပ်ပေးဖို့လိုကြောင်းမှာကြားပြီး ကျောင်းကော်မတီနာယက ဦးရွှေလူက ကျောင်းနှင့်ပတ်သက်သည့်ကိစ္စများကိုလည်းကောင်း၊ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်သန်းက ကျောင်းဆရာ/ဆရာမများ၏ သင်ကြားရေးကိစ္စများ၊ အောင်ချက်မြင့်မားလာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကျောင်း ၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ မြို့နယ်အဆင့် ဘာသာရပ်ထူးချွန်ဆု၊ ကျောင်းအဆင့် Dance ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် အထက(၂) ကျောင်းသား/သူ များ၏ အကပဒေသာများဖြင့် ပျော်ရွှင်စွာဖျော်ဖြေကပြခဲ့ကြောင်းသိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)