မိုးမောက်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲ ကျင်းပ

မိုးမောက် ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးလောင်မှုနှင့်အခြားသဘာဝဘေးအန္တရာယ်များတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် တွဲဖက်၍ မီးငြှိမ်းသတ်ခြင်း၊ ကူညီကယ်ဆယ်ခြင်းများ ဆောင်ရွက်တတ်စေရန်နှင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ပြီး မီးလန့်မှုနှင့် မီးလောင်မှုအကြိမ်ရေများ လျော့ကျနိုင်စေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးမျိုးသန်းက အဖွင့်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ပြီး သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများကို နတလဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝဏ္ဏခင်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသူထိုက်တို့ကပေးအပ်ပြီး သင်တန်းသားများက လက်ခံရယူကြသည်။

အဆိုပါ သင်တန်းကို မိုးမောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) တို့ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လွန်းနန်းထွေး (ပြန်/ဆက်)