မိုးညှင်းမြို့နယ် လယ်မှီးအထက်တန်းကျောင်း (ခွဲ)တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ၁၃၈၁ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီတွင် လယ်မှီးအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပသည်။

ရှေးဦးစွာ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦး(သစ္စာ-မိုးညှင်း)က အဖွင့်မိတ်ဆက်စကားပြောကြားပြီး ဦးတင်ဦး(မင်းကိုဦး-မိုးညှင်း)က မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ မနုဿကျော်ဝင်းထံမှ ပေးပို့သည့် ၁၃၈၁ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားသည်။

ယင်းနောက် စာပေဟောပြောပွဲကို ကျင်းပရာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များဖြစ်သည့် ဒေါ်ခင်သန်းညွန့် (ပန်းရွှေစင်-မိုးညှင်း)က လူတော်လူကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း  ဒေါ်ခင်မာဆွေ(တင်တင်ဆွေမာ-မိုးညှင်း) ကဗျာဖတ်စို့ စာဖတ်စို့ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌက ကျောင်းစာကြည့်တိုက်တွင်ထားရှိရန် စာအုပ်မျိုးစုံ ၅၀အား ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

ယခု ကျင်းပသည့် စာပေဟောပြောပွဲသို့ မြို့နယ်စာရေးဆရာအသင်းနှင့် အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား/သူများတက်ရောက်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်စာရေးဆရာအသင်းအနေဖြင့် ကွင်းကြီးကျေးရွာတွင် စာပေဟောပြောပွဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး (မိုးညှင်း)