ဟိုပုံးမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဟိုပုံး ဇန်နဝါရီ ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးကျင်းပသော နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၈) နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တရားစီရင်ရေးမဏ္ဍိုင်တွင် ဘက်လိုက်မှုကင်းပြီး၊ မှန်ကန်မျှတတဲ့  တရားစီရင်ရေးစနစ်ပေါ်ပေါက်လာရေးအတွက် အမှုများစစ်ဆေးစီရင်ရာတွင် ပြောင်းလဲကျင်းသုံးတော့မည့် စနစ်တစ်ရပ်ကို  လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊  တရားစီရင်ရေးမဏ္ဍိုင်တွင် လက်တွဲပါဝင်လုပ်ကိုင်နေသော ဌာနဆိုင်ရာများ၊  အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့်မီဒီယာများ သိရှိနိုင်ရေးအတွက် ရှင်းလင်းခြင်းဖြစ်ကြောင်းပြောကြားသည်။ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စိုးယုမှ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုတွင် နှစ်ဖက်အမှုသည်များ ရှေ့နေများအတွက်ပြင်ဆင်ချိန် လုံလောက်စွာရရှိရန်၊ အမှုစစ်ဆေးမည့်အစီအစဉ်ကို  အမှုသည်များ ကိုယ်တိုင်ပါဝင်သိရှိပြီးပူးပေါင်းဆောင်ရွက်ရန်၊ အမှုကိုစစ်ဆေးမည့် သတ်မှတ်အချိန်စံနှုန်းများကို အမှုနှင့်သက်ဆိုင်သူအားလုံး သိရှိလိုက်နာစေရန်၊ ကောင်းမွန်လုံလောက်သောအကြောင်းမရှိဘဲ ရုံးချိန်းရွှေ့ဆိုင်းမှုကိုလျှော့ချရန်၊ ရုံးချိန်းတစ်ချိန်းတွင် သက်သေအများကို စစ်ဆေးခြင်းဖြင့်အမှုသည်များ ရုံးချိန်းလာရောက်ရသည့် အကြိမ်ရေကိုလျှော့ချရန်၊ အမှုကိုပွင့်လင်းမြင်သာ စစ်ဆေးစီရင်ခြင်းဖြင့် တရားရုံးအပေါ် အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို  မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြာကြားခဲ့သည်။ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ပြန်/ဆက်)