စစ်ကိုင်း၊ မုံရွာနှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွား (၁၅၀၂၃၁)ဦး ဝင်ရောက်လည်ပတ်ခဲ့

မုံရွာ ဇန်နဝါရီ ၇

စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ အထင်ကရ နေရာများသို့ (၂၀၁၉) ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် (၁၅၀၂၃၁) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။

“နိုင်ငံခြားခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာဝင်ရောက်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ခရီးသွားဝင်ရောက်လာမှုကလည်း တိုးတက်လာတယ်၊ နောက်ထပ်နေရာအသစ်တွေကိုလည်း ထပ်မံအကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်၊ ပြည်ပခရီးသွားတွေက ပြည်တွင်းမှာရှိတဲ့ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လာတာရှိတယ်၊ တိုင်းဒေသကြီးအတွင်းမှာ အထင်ကရနေရာတွေ အများကြီးရှိတယ်၊ သူတို့ဘယ်လိုပဲလာလာ ဒေသခံပြည်သူတွေအတွက်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရှိလာမှာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းဒေသသို့ နိုင်ငံခြားခရီးသွားဧည့်သည် (၁၃၅၃၇၆) ဦး၊ မုံရွာမြို့နယ်အတွင်းရှိ မိုးညှင်းသံဗုဒ္ဓေဘုရားသို့ (၄၈၂၀)ဦး၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်သို့ (၇၂၄၂)ဦး၊ ရွှေဘတောင်သို့ (၂၄၁၀)ဦး၊ ဝက်လက် မြို့နယ် ဟန်လင်းမြို့ဟောင်းသို့ (၂၅၈) ဦးနှင့် ရွှေဘိုမြို့ရှိ ရွှေဘိုနန်းတော်ကြီးသို့ (၁၂၅)ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)