နေပြည်တော် ဖေဖေါ်ဝါရီ ၂၆
နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော်အတွင်းရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နေ့လယ် ၁ နာရီတွင် အဆိုပါရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးဝင်းက အခြေခံလူတန်းစားများ ဆင်းရဲမှုလျှော့ချရေးနှင့် အသေးစားစီးပွားရေး လုပ်ငန်းများအား ငွေကြေး အရင်းအနှီး ရရှိစေပြီး ဖွံ့ဖြိုးတိုးတက်စေရန်ဌာနမှ ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နေပြည်တော်တွင် လုပ်ငန်းလိုင်စင် ရရှိထားသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း(၄၂)ဖွဲ့တို့ အနေဖြင့် အသေးစား ချေးငွေလုပ်ငန်း ဆောင်ရွက်ရာတွင် အာမခံပစ္စည်း ရယူခြင်းမပြုဘဲ ငွေချေးခြင်းသာဖြစ်၍ အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပြီး အသေးစားချေးငွေ မရောက်ရှိသေးသော ကျေးရွာများသို့ ရောက်ရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ အသေးစားချေးငွေသည် အသင်းသားများ၏ ပြန်လည်ပေးဆပ်မှုအပေါ် မူတည်ပြီး ကျပ်သိန်းတစ်ရာအထိ ချေးယူနိုင်ပါကြောင်း၊ တက်ရောက် လာသော အဖွဲ့အစည်းများမှ မိမိတို့၏ တွေ့ကြုံရသည့် အခက်အခဲများ၊ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများကို အကြံပြုပေးစေ လိုကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလှိုင်က အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း များက မိမိတို့ဒေသအလိုက် ချေးငွေလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ အခက်အခဲများနှင့် သိရှိလိုသည်များကို အသီးသီးမေးမြန်း ဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူး ဦးအေးဝင်းက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)