ကလေး ဇန်နဝါရီ ၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး)၏ အပတ်စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသူများ၏ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးတို့က ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်ရရှိသော သင်တန်းသူများအား အမှာစကားပြောကြားကြပြီးနောက် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးက ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသူ (၅၆) ဦးတို့အား ဒီပလိုမာ အောင်လက်မှတ်များ အသီသီးချီးမြှင့်အပ်နှင်းပေးခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ကြီးက ဘက်စုံသားဖွားဒီပလိုမာအသီးသီးအပ်နှင်းပြီးဖြစ်သော ဒီပလိုမာ အောင်လက်မှတ်ရသင်တန်းသူများစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပေးပြီးနောက် ဘက်စုံသားဖွားသင်တန်းသူများအား သင်တန်းဆင်းအမှာစကား ပြောကြားသည်။
အဆိုပါ ကလေးမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယနေ့ကာလအထိ သူနာပြုသားဖွားဒီပလိုမာ (၁၄၇) ဦး၊ ဘက်စုံသားဖွား ဒီပလိုမာ (၁၆၂)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် သူနာပြု (၃၂၇)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သန်းထိုက်အောင်(ပြန်/ဆက်)